Tuesday, January 25, 2011

Letter from NPD 02

နေပြည်တော်မှ ပေးသောစာ- ၂
ဘီရုမာ
ဇန်န၀ါရီ ၂၅၊ ၂၀၁၁



မိတ်ဆွေကြီး ကိုကျီး -

ကျန်းခံ့သာလို့ မာပါစဗျာ။



ဒီတပတ်တော့ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ပူပူနွေးနွေး ကျင်းပသွားတဲ့ ဓာတ်ရှင်အကယ်ဒမီပွဲ အကြောင်းလေး ပြောချင်တယ်ဗျာ။ ဒီတနှစ်အနေနဲ့ကတော့ ခင်ဗျားတို့ရော၊ ကျုပ်တို့ အပါအဝင် အကယ်ဒမီကို ဘယ်သူမှ ဟုတ်တိပတ်တိ ရင်ခုန်လိုက်ကြမယ် မထင်ပါဘူးဗျာ။ စစ်မှုမထမ်း မနေရ ဥပဒေ ဆိုတာကြီးကမှ ပို ရင်ခုန်ဖို့ ကောင်းနေသေးတယ် မဟုတ်လား ကိုကျီး။


ဒီနှစ်မှာလည်း ၂၀၀၇ အတွက် အကယ်ဒမီပေးပွဲတုန်းကလို သရုပ်ဆောင် မင်းသမီးဆု မပါဝင်လို့ ဓာတ်ရှင်မင်းသမီးတွေလည်း မျက်ရည်အစစ်တွေ ကျနေကြရတယ်လို့ ကြားရတယ်ဗျာ။ စိတ်မကောင်းပါဘူး။ ကျုပ်သာဆို ဒီအကယ်ဒမီရုပ်တွေ အားလုံးကို မင်းသမီးတွေချည်းပဲ ပေးပစ်လိုက်မယ်ဗျာ … နော။ ဒါပေမယ့် ဒီ ၂၀၀၉ ခုနှစ်အကယ်ဒမီမှာတော့ မင်းသမီးဇာတ်ပို့ဆုလေး တခု ပါသွားလို့ တပ်ချုပ်မှူးကြီး ယတြာ ချေတာတော့ မဖြစ်နိုင်ဘူးဟလို့ ဖြေတွေး တွေးကြသူတွေလည်း ရှိနေပြန်သေးတယ် ကိုကျီး။

“…ဓာတ်ရှင်မင်းသမီးတွေလည်း မျက်ရည်အစစ်တွေ ကျနေကြရတယ်လို့ ကြားရတယ်ဗျာ။ စိတ်မကောင်းပါဘူး။ ကျုပ်သာဆို ဒီအကယ်ဒမီရုပ်တွေ အားလုံးကို မင်းသမီးတွေချည်းပဲ ပေးပစ်လိုက်မယ်ဗျာ…”

အင်း … သူတို့တွေးတာလည်း ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၇ အကယ်ဒမီပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးရရေးအတွက် အမျိုးသမီးတွေကို နာမ်နှိမ်တဲ့အနေနဲ့ မင်းသမီး ဆုတွေ အကုန်လုံး ဖြုတ်ပစ်ခဲ့တာကိုး။ ကျုပ် ဒီလို ပြောလိုက်လို့ အသားလွှတ် လိုက်စွပ်စွဲနေတယ်လို့ မထင်နဲ့ဦး။ ၂၀၀၇ အကယ်ဒမီပွဲ ကျင်းပတဲ့ ၂၀၀၉ ခုနှစ်တုန်းက ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ရမယ့်နှစ် ဖြစ်နေတယ်လေဗျာ။ ဒါကို တပ်ချုပ်ကြီးက နဲနဲလေးမှ စိတ်မချမ်းသာဘူးဗျ။ အဲဒီမှာ သူက ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်မပေးရေး ယတြာတွေ လွှတ်ချေတော့တာပဲ ကိုကျီး။ ပထမဦးဆုံး ကြက်ဆူပင်တွေနဲ့ ကက်ကင်းရိုက်ခဲ့တာပါပဲ။

အဲဒီမှာ ကက်ကင်းအကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်။ ကျုပ်လည်း တပ်ချုပ်ကြီး လက်စွဲတော် အခါတော်ပေး ရွှေရေးပန်းကန်တက် ပုဏ္ဏားကြီးရဲ့ ဘုတ်အုပ်တွေ ခိုးဖတ်ထားလို့ ဒီလောက် ပြန်ပြောပြနိုင်တာပါ။ ဒီလိုဗျ -

ခင်ဗျားတို့တွေ မြန်မာပြည်ကြီး ဒီမိုကရေစီရအောင်လုပ်မယ်လို့ ကြွေးကျော်ပြီး နိုင်ဂျံဂါးကို ထွက်မသွားခင်တုန်းက ခြင်္သေ့ပုံပါတဲ့ မြန်မာပိုက်ဆံတွေ သုံးဖူးလိုက်ကြတယ်မို့လား။ မသုံးဖူးဘူးတော့ မငြင်းနဲ့နော်။ ခင်ဗျား နိုက်ကလပ်သွားဖို့ ကားခ လိုနေလို့ ဆိုပြီး ကျုပ်ဆီက တထောင်တန်နှစ်ရွက် ယူသွားပြီး ပြန် မဆပ်သွားတာ ကျုပ်မှတ်မိနေသေးတယ်ဗျ။ အဲ.. အဲ.. ထားပါတော့လေ … ။ အဲဒီ စစ်အစိုးရထုတ် ၁၀၀-တန်၊ ၂၀၀-တန်၊ ၁၀၀၀-တန် စသဖြင့်ပေါ့ကွာ၊ အဲဒီပိုက်ဆံတွေမှာ ပါတဲ့ ခြင်္သေ့ပုံကို သေချာ ကြည့်ဖူးလား ကိုကျီး။ ဟုတ်တယ် … ကိုကျီး။ ခြင်္သေ့ကတော့ ဘာမှ မထူးခြားပါဘူး။ ထူးခြားတာက အဲဒီခြင်္သေ့ကြီး နင်းထားတဲ့ အရာပါ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အဲဒီခြင်္သေ့ကောင် နင်းထားတဲ့ အရာဟာ အောက်ခံခုံတခုလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သေချာကြည့်လိုက်ရင် ခြင်္သေ့ကောင် နင်းထားတဲ့ အရာဟာ … စီးကရက်တလိပ်ပုံပဲ ကိုကျီး။ စီးကရက်ဆိုတော့ စ-က-ရ၊ တနည်းအားဖြင့် စုကြည်ရှုံး လို့ ကက်ကင်းရိုက်ထားတာဗျ။ ဒီတော့ ဒီပိုက်ဆံတွေ လည်ပတ်နေသ၍ ဒေါ်အောင်ဆန်းစုကြည်က အမြဲ ရှုံးနေရမယ် ဆိုတဲ့ သဘောပေါ့ဗျာ။ ကျုပ်ကိုယ်တိုင် ပုဏ္ဏားကောင်က တပ်ချုပ်ကြီးကို တိုးတိုး၊ တိုးတိုးနဲ့ မြှောက်ပေးနေတာကို ယပ်ခတ်ပေးရင်း ခိုးနားထောင်ထားလို့ သိရတာဗျ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ရင် ကက်ကင်းရိုက်ရတာ ခက်သဗျ။ ဒါကြောင့် အစဉ်သဖြင့် သူတို့က စုကြည်၊ စုကြည်နဲ့ ခေါ်ဝေါ် သုံးနှုံးနေကြတာ ခင်ဗျားလည်း သတိထားမိမှာပေါ့ ကိုကျီး။
“…ဒီပိုက်ဆံတွေ လည်ပတ်နေသ၍ ဒေါ်အောင်ဆန်းစုကြည်က အမြဲရှုံးနေရမယ် ဆိုတဲ့ သဘောပေါ့ဗျာ…”

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရမှာကို တနေ့ ၂၅နာရီလောက် စိတ်ဆင်းရဲနေတဲ့ တပ်ချုပ်ကြီးက စုကြည်ပြန်မလွှတ်ရေး ကက်ကင်း၊ ယတြာကို စတင်ခဲ့ပြန်တာပေါ့။ မှတ်မိဦးမှာပေါ့ ကိုကျီး။ ကျနော်တို့ တနိုင်ငံလုံး ကလေးပါမကျန် ကြက်ဆူပင်စိုက်ကြရတာကို ပြောတာပါ။ အမှန်ကတော့ စက်မှုပညာရှင်တယောက်က ၂၀၀၅ လောက်ကတည်းက ကြက်ဆူစေ့ကနေ၊ ဇီဝလောင်စာ ထုတ်လို့ရတယ်၊ အဲဒီလိုသာ များများထုတ်နိုင်ရင် တပ်ချုပ်ကြီးအနေနဲ့ ရေနံကုလားတွေဆီမှာ အောက်ကြို့နေစရာ မလိုတော့ဘူးဆိုပြီး စာတမ်းတွေနဲ့ တင်ပြထားတာရှိသဗျ။

အဲဒါကို ဗေဒင်ရူး ဟိုပုဏ္ဏားကောင်က တွေ့သွားပြီး ဟာ ကြက်ဆူဆိုတာ၊ ပြောင်းပြန်လှန်လိုက်ရင် စုကြည်ပဲ။ အဲဒီတော့ ကြက်ဆူပင်စိုက်တယ် ဆိုတာ။ စုကြည်ကို ပြောင်းပြန်လှန်ပြီး မြေကြီးထဲ မြုပ်လိုက်တာပဲ လို့ တပ်ချုပ်ကြီးကို မျက်နှာ လုပ်တော့တာပေါ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်မှာကို သေတာထက် ပိုကြောက်ရှာတဲ့ တပ်ချုပ်ကြီးက “ကြက်ဆူအတက်၊ သန်းရွှေအချက်” ဆိုပြီးတော့ တနိုင်ငံလုံး လှည်းနေ လှေအောင်းမကျန် ရှိရှိသမျှလူတွေအားလုံး ကြက်ဆူပင် စိုက်ရမယ်လို့ အမိန့်တော် ထုတ်ပြန်ခဲ့တာပဲ ကိုကျီး။ ကျုပ်တောင် တပ်ချုပ်ကြီး အိမ်တော်ခြံဝင်းထဲမှာ နှစ်ပင် သွားစိုက်မိလို့ နားရင်း အကန်ခံခဲ့ရသေးတယ်။ ကျုပ်လည်း မသိဘူးလေ။ သူအမိန့်ထုတ်ထားတဲ့ ကြက်ဆူဆိုတော့ မျက်နှာလို၊ မျက်နှာရ သူ့အိမ်တော်ဝင်းထဲ သွားစိုက်ပေးတာပေါ့။ သူ့အိမ်တော်ဝင်းထဲမှာက နိုင်ဂျံဂါးဖြစ် အပင်တွေပဲ စိုက်တာ …… တဲ့။ ဒီလို မြန်မာဖြစ် လမ်းဘေးပေါက်တဲ့ ကြက်ဆူတွေ လာမစိုက်နဲ့ …... တဲ့လေ။ ဂိန်။

အဲဒီမှာ ပြောရဦးမယ်။ ပုဏ္ဏားကောင်ကသာ စွတ်ညွှန်းလိုက်တာ။ တကယ်တော့ ကြက်ဆူဆိုတာ ခင်ဗျားတို့လည်း စိုက်ဖူးလိုက်တာပဲ။ စိုက်ပြီးရင် သိပ်သန်တာဗျ။ တော်ရုံ တန်ရုံနဲ့လည်း သေတဲ့ အပင်မဟုတ်ဘူးလေ။ ရိပ်ရိပ်၊ ရိပ်ရိပ်နဲ့ ကြီးလာတတ်တဲ့ အပင်။ အဲဒီတော့ … စုကြည်ကို ကိုယ်စားပြုတဲ့ ကြက်ဆူက နာမ်နှိမ်မသွားပဲနဲ့ တနိုင်ငံလုံးမှာ တရိပ်ရိပ်နဲ့ အင်အား ကြီးထွားလာတော့တာပဲ ဗျိုး။


“…ကြက်ဆူဆိုတာ ခင်ဗျားတို့လည်း စိုက်ဖူးလိုက်တာပဲ။ စိုက်ပြီးရင် သိပ်သန်တာဗျ။ တော်ရုံ တန်ရုံနဲ့လည်း သေတဲ့ အပင် မဟုတ်ဘူးလေ။ ရိပ်ရိပ်၊ ရိပ်ရိပ်နဲ့ ကြီးလာတတ်တဲ့ အပင်။ အဲဒီတော့ …”

အဲဒီတော့ တပ်ချုပ်ကြီးရဲ့ ကြက်ဆူကက်ကင်းကြီးက မှန်းချက်နဲ့ ဂန်းပစ်မကိုက်တော့ဘဲ ပြောင်းပြန်ကြီး ဖြစ်သွားရော မဟုတ်လားဗျာ။ ဒါကြောင့် တနိုင်ငံလုံး စိုက်ထားတဲ့ ကြက်ဆူတွေ ပြန်ခုတ်စေလို့ အမိန့်တော် ထပ်ထုတ်တာကြောင့် ကျုပ်တို့ ရုံးတွေ၊ ကျောင်းတွေမှာ ပင်ပင်ပန်းပန်း စိုက်ထားတဲ့ ကြက်ဆူပင်တွေကို ပြန်နှုတ်ကြရတာ လက်တွေတောင် ပေါက်ကုန်ကြတယ် မဟုတ်လား ကိုကျီး။

အဲဒီမှာ အမြန်ဆုံး ယတြာနောက်တခု ထပ်လျှောက်တင်ရမယ်။ မလျှောက်တင်နိုင်ပါက ကြက်ဆူပင်တွေနဲ့ ရောခုတ်ပစ်မယ်လို့ ပုဏ္ဏားကောင်ကို ကျိန်ဆဲတော့တာကြောင့် အဲဒီ ၂၀၀၇ အကယ်ဒမီပေးပွဲမှာ မင်းသမီး(တနည်း အမျိုးသမီး) တွေကို တယောက်မှ အကယ်ဒမီ မပေးရဆိုတဲ့ ယတြာကြီးက ရုတ်ချည်းပေါ်ခဲ့ရတာပဲ ကိုကျီး။

အဲ … ဒီနှစ် ၂၀၀၉ အကယ်ဒမီပွဲမှာ မင်းသမီးသရုပ်ဆောင်ဆု မပါရတာကတော့ တပ်ချုပ်ကြီး ပယောဂ မဟုတ်တော့ဘူးဗျ။ သူ့ချစ်သမီးတော်လေး သန္တာရွှေရွှေ ရဲ့ ပယောဂလို့ပဲ ဆိုရတော့မယ် ကိုကျီး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ် ဓာတ်ရှင်မင်းသမီး သရုပ်ဆောင်ဆုက အူဝဲလို့ လူသိများတဲ့ အိန္ဒြာကျော်ဇင်လေးကို ရွေးချယ်ထားတာကြောင့်ပါပဲ။ အူဝဲနဲ့ သန္တာရွှေရွှေတို့ ရန်ဖြစ်ထားကြလို့တော့ မဟုတ်ပါဘူး။ ဒီလိုဗျ။ အူဝဲလေးက စပွန်ဆာတွေ လွှတ်ရတိုင်း အလကားဆွဲရတဲ့ ပိုးထည်တွေ၊ စိန်တွေ၊ ရွှေတွေ၊ ရတနာတွေ ၇-ပိဿာလောက် ဝတ်ဆင်ပြီး ၆ ရက်၊ ၆ လီ၊ ၆ နေရာမှာ၊ ၆ ကြိမ်တောင် မင်္ဂလာပွဲတွေ ကျင်းပသွားခဲ့ပြီး၊ ၆ ညကြီးတောင် မင်္ဂလာဦးညသွားခဲ့တာကိုး။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဘယ်သူ့မင်္ဂလာဆောင်မှ သူ့မင်္ဂလာဆောင်လောက် မကြီးကျယ် မခန်းနားစေရလို့ ကြွေးကျော်ထားခဲ့တဲ့ မသန္တာရွှေရွှေလေးရဲ့ စိန်မင်္ဂလာပွဲကြီးထက် ၆ ဆလောက် သာသွားသလို ဖြစ်နေတော့တာကိုးဗျ နော် … ကိုကျီး။ တော်ဝင်သမီးတော်လေး မင်္ဂလာဆောင်ထက် သာရမလားပေါ့နော်။ အဲဒီတော့ မသန္တာရွှေရွှေလေးက ဖဘုရားတပ်ချုပ်ကြီးဆီ အခစား ဝင်ပြီးတော့ ငိုချင်းတွေ ချတော့တာပဲ ကိုကျီး။

“… ဒီပုံစံနဲ့သာ လျှောက်နေကြရင်တော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီကို မြန်မြန်ရောက်နိုင်မလဲနော်…”

ဒါကြောင့်လည်း အူဝဲလေးခဗျာ၊ အကယ်ဒမီ ဆုဖလားကြီး ချိတ်ခဲ့ပါလျက်နဲ့ လက်ဝယ် မပိုင်ဆိုင်လိုက်ရခြင်းသာ ဖြစ်တယ်လို့ ဆိုရတော့မှာပေါ့။ မဟုတ်ဘူးလား ကိုကျီး။

အဲဒီပွဲမှာလည်း ကျုပ်အတင်းပြောစရာတွေ ကျန်သေးတယ် ကိုကျီး။ စင်ပေါ်မှာ ခြေတလှမ်း ကုဋ္ဋေတသန်းနဲ့ လျှောက်ခဲ့ကြတဲ့ ဘာကိုင် ဆိုလား၊ အဲ.. အဲ.. ဗန်းကိုင်ဆိုလား အဲဒီကောင်မလေးတွေလေ။ ဘယ့်နှယ်ဗျာ ဟိုမှာ အကယ်ဒမီဆုယူမယ့်သူနဲ့ ဆုပေးမယ့်သူက စင်လယ်ကောင်မှာ ငုတ်တုတ်ကြီး ရောက်နေပြီ။ ရွှေစင်ရုပ် ယူလာပေးတဲ့ သူတို့က စလိုးမိုးရှင်းနဲ့ လာနေတာ တော်တော်နဲ့ လူဆီမရောက်နိုင်ဘူး။ စိတ်မရှည်လို့ ကျုပ်လက်ထဲက ဗီစီဒီ ရီမုဒ်နဲ့ ယောင်ယောင်ပြီး ရစ်မိတယ် ခဏခဏ။ ကျုပ်တူလေးကတော့ မှတ်ချက်ပေးတယ်။ အဲဒီ မမတွေက ဘောင်းဘီချောင်နေလို့ ကျွတ်ကျမှာ စိုးလို့ ထိန်းပြီး ဖြည်းဖြည်းလေး လျှောက်နေကြတာ နေမှာပါတဲ့ ... ကဲ။ ဆင်မယဉ်သာ လျှောက်နေလိုက်တာများ ဒီပုံစံနဲ့သာ လျှောက်နေကြရင်တော့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီကို မြန်မြန်ရောက်နိုင်မလဲနော်။ မဟုတ်ဘူးလား ကိုကျီး။

ပြောရဦးမယ် အမှန်ကတော့ အဲဒီစံနစ်ကလည်း တပ်ချုပ်မှူးကတော် ဒေါ်ကိုင်ကိုင်နဲ့ သားသမီးမြေးတစု ပယောဂပဲဗျ။ တပ်ချုပ်မှူးကတော်ကြီးက ဘာပြောသလဲဆိုတော့ ဒီမြန်မာ့ဓာတ်ရှင် အကယ်ဒမီပေးပွဲကြီးဟာ နိုင်ငံတကာက တကူးတက စောင့်ကြည့်ကြရတဲ့ ကမ္ဘာကျော်ပွဲကြီး တပွဲ ဖြစ်တယ်တဲ့။ အဲဒီလိုပြောတော့ သူ့မြေးတွေကလည်း မုန့်ဖိုး ဒေါ်လာရပြီးရော ဝိုင်းထောက်ခံကြတယ်။ တပ်ချုပ်မင်းကြီးကတော့ ရွှေဘောတော်တွေ လွှတ်ကျနေတာပေါ့။ အဲဒီလို ကမ္ဘာက စိတ်ဝင်စားတဲ့ ပွဲကြီးမှာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှုနဲ့ နူးညံ့တဲ့ အမူအရာကို တင်ပြဖို့ဆိုတာ မဟာအခွင့်အရေးဖြစ်တယ် တဲ့။ ဒါကြောင့် ဗန်းကိုင်တွေ အနေနဲ့ ဒီလိုမျိုး လျှောက်ရမယ် ဆိုပြီး ဗန်းကိုင်ကောင်မလေးတွေကို သူကိုယ်တိုင် လျှောက်ပြသွားခဲ့တာ။ အမှန်ကတော့ အဘွားကြီးက လျှောက်တဲ့အမူအယာကို ပြချင်တာပါ။ ဒါပေမယ့် အိုမင်းမစွမ်းဖြစ်နေပြီ ဆိုတော့ တုန်တုန်၊ တုန်တုန်နဲ့ ခြေတလှမ်း လှမ်းဖို့ကို မနည်းအားယူပြီး လှမ်းနေရတာကိုး။ အဲဒီတော့ ဗန်းကိုင်လေးတွေကလည်း တုန်တုန်၊ တုန်တုန်နဲ့ အဘွားကြီး လျှောက်ပြသွားတဲ့ ပုံအတိုင်း လိုက်လျှောက်ကုန်ကြတော့တာပေါ့။ လိုက်မလျှောက်ရင်လည်း ရွှေစိတ်တော်ညိုသွားမှာ ကြောက်ကြရှာတာကိုး။ အဘွားကြီးက သူ့ဘာသာသူ လျှောက်ပြပြီးတော့ ပီတိတွေဖြစ်ပြီး ပြန်သွားတာ။ ကျန်ခဲ့ရှာတဲ့ ဗန်းကိုင်မလေးတွေခမြာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုကြီးအိုမတွေလို မနည်းကြိုးစားပြီး တုန်တုန်၊ တုန်တုန်နဲ့ စလိုးမိုးရှင်း လျှောက်နေကြရရှာတော့တယ်။

“…ဘောင်းဘီချောင်နေလို့ ကျွတ်ကျမှာ စိုးလို့ ထိန်းပြီး ဖြည်းဖြည်းလေး လျှောက်နေကြတာ နေမှာပါတဲ့…”

ခြေတလှမ်း ကုဋ္ဋေတသန်းဆိုတဲ့စကားပုံကို သူတို့ဗန်းကိုင်လေးတွေ လျှောက်တာကြည့်ပြီးတော့မှပဲ သဘောပေါက်တော့တယ်ဗျာ။ ခြေတလှမ်း၊ တလှမ်းမှာ စက္ကန့်ပေါင်း ကုဋ္ဋေတသန်းရှိတာကို ပြောကြတာ ဖြစ်မယ်ဗျနော်။

သြော် … သူတို့နဲ့ ဘယ်လိုမှ ဆက်စပ်တွေးလို့မရတဲ့ အနုပညာပွဲထဲမှာလည်း ဝင်ပါလိုက်ကြပြန်တာပဲ ကလား။ ငယ်ငယ်က ရွာထန်းတောထဲမှာ မူးမူးနဲ့ ဆိုခဲ့တဲ့ စာဥ သီချင်းထဲကလို - အရာရာတိုင်းမှာ သူမပါရင်မပြီး ပွဲမစည်ဘူးရယ်လို့ … ဆိုတဲ့ သီချင်းလေးသာ အသံကုန်ဟစ်လိုက်ပါရစေတော့ … ။


ကဲဖော်၊ ကဲဖက်တွေကို သတိရလျက် -
ဘီရုမာ

No comments: